
ယေဘုယျအားဖြင့် အမှတ်ပေးဖလားပြိုင်ပွဲရဲ့ ၃ပုံ၂ပုံလောက်နီးပါးရောက်လာချိန်မှာ ထိပ်ဆုံးက ဦးဆောင်သူက ဒုတိယနေရာကအသင်းကို ၇မှတ်ဖြတ်ထားတယ်ဆိုတာ ဖိအားမရှိဘူးလို့ ယူဆချင်စရာပါ။ ဒါပေမဲ့ .. တကယ်တမ်းတော့ .. ၃ပွဲစာမပြည့်တဲ့ အမှတ်ကွာဟချက်က လက်ကျန် ၁၄ပွဲမှာ စိတ်အေးလက်အေးဦးဆောင်ခွင့်မရှိပါဘူး။ ဒီနေရာမှာ အချို့က ဒုတိယနေရာက လိုက်တဲ့အသင်းလည်း ရှုံးဦးမှာပဲ ဆိုတဲ့ ယူဆချက်ပေါ့။ တကယ်တမ်းမှာ အဲဒီယူဆချက်ကို ထည့်သွင်းတွက်ချက်စရာမလိုပါဘူး။ အမှတ်ပေးချန်ပီယံဖြစ်ချင်ရင် ..ကိုယ့်အလုပ်ပဲကိုယ်လုပ်ဖို့လိုအပ်တယ်။ အဲဒီလိုလုပ်ဖို့အတွက်ဆိုရင် .. အမှတ်များများဖြတ်ထားနိုင်လေ ဖိအားကင်းလေပဲမဟုတ်လား။ ပြီးတော့ .. ဖိအားဆိုတာ .. အတွင်းထဲက လာတဲ့ ဖိအားတွေက ပိုကြောက်ဖို့ကောင်းတယ်။ လီဗာပူးလ်က အခုချိန်မှာ ၇မှတ်အသာနဲ့ ဦးဆောင်နေလို့ ဖိအားမရှိဘဲတကယ်ပဲ အေးအေးဆေးဆေးဖြစ်ရဲ့လားဆိုတာ ထည့်စဉ်းစားရမယ်။ ပြီးခဲ့တဲ့ အက်အေဖလားမှာ လီဗာပူးလ်က ရှုံးတယ်၊ အခု သရေကျတယ်။ ဒါက လာမယ့် အနီးကပ်ဆုံးပွဲစဉ်မှာ အကောင်းဆုံးပြန်ရုန်းထဖို့လိုတယ်ဆိုတဲ့ အခြေအနေတစ်ခုကို ဆိုက်ရောက်သွားတယ်။ သာမန်ထက် အမှားမခံတော့တာ၊ အမှတ်ကွာဟချက်ကျဉ်းမြောင်းလာတာတွေက ဖိအားတွေပဲ။ အဲဒီအချိန်မှာ ပြိုင်ဘက်က ခြေချော်သွားရင်တော့ ဒီဖိအားတွေပြန်လျော့မှာပေါ့။ အဲဒီလိုမဟုတ်ဘဲ ပြိုင်ဘက်က နိုင်ပွဲတွေဆက်လာခဲ့မယ်ဆိုရင် … ကိုယ်တိုင် စိုးရိမ်စိတ်တွေများလာမယ်၊ အမှားအယွင်းတွေပြုလုပ်မိလာနိုင်ခြေရှိတယ်။ ၂၀၁၁/၁၂ တုန်းက ယူနိုက်တက်က ပွဲစဉ် ၃၃ မှာ ဒုတိယနေရာက မန်စီးတီးကို ၅မှတ်ဖြတ်ထားနိုင်တယ်။ ရာသီကုန်မှာတော့ မန်စီးတီးက ကျော်တက်ပြီး ဗိုလ်စွဲသွားတယ်။ ၂၀၁၃/၁၄ မှာလည်း လီဗာပူးလ်က မန်စီးတီးကို ပွဲစဉ် ၃၅မှာ တပွဲပိုကစားပြီး ၆မှတ်ဖြတ်ထားနိုင်ခဲ့တယ်။ ဒါပေမဲ့ ရာသီကုန်မှာတော့ မန်စီးတီးကပဲ လီဗာပူးလ်ကို ကျော်တက်ပြီးဗိုလ်စွဲသွားတယ်။ ၂၀၁၈/၁၉တုန်းကဆိုရင်လည်း ပွဲစဉ် ၂၄ မှာပဲ လီဗာပူးလ်က ဒုတိယနေရာက မန်စီးတီးကို ပွဲတူအနေအထားမှာ ၅မှတ်ဖြတ်ထားနိုင်ခဲ့တယ်။ ဒါပေမဲ့ ရာသီကုန်တော့ မန်စီးတီးက ဗိုလ်စွဲသွားတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေတိုင်းမှာ အများအားဖြင့် နောက်ကောက်ကျနေခဲ့တာက လီဗာပူးလ်အသင်းဖြစ်နေတယ်။ ဒါကြောင့်လည်း လက်ရှိ ပွဲစဉ် ၂၄ မှာ ၇မှတ်ဖြတ်ထားနိုင်တယ်ဆိုပေမဲ့ .. ဒါက စိတ်အေးလက်အေးအခြေအနေလို့ ဆိုလို့မရသေးပါဘူး။ ဒါကြောင့် လီဗာပူးလ်မှာ ဖိအားတွေ ရှိတယ်လို့ ယူဆရတာဖြစ်တယ်။ ဘောလုံးက ကောင်းတိုင်းနိုင်တာမဟုတ်ဘူး။ တခါတလေမှာ မထင်မှတ်တာတွေ ထ ထ ဖြစ်လေ့ရှိတယ်။ ဒါကြောင့်လည်း ဘောလုံးကစားနည်းက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေတာ။ လီဗာပူးလ်က အနီးကပ်ဆုံး ဝုလ် ကို အိမ်ကွင်းမှာ လက်ခံကစားရမယ်။ လီဗာပူးလ်မကစားခင် အာဆင်နယ်က လက်စတာနဲ့ အဝေးကွင်း အရင်ကစားရမယ်။ တကယ်လို့ အာဆင်နယ်သာ အနိုင်ရခဲ့ရင် အာဆင်နယ်က တပွဲပိုကစားပြီး အမှတ်ကွာဟချက် ၄မှတ်ဖြစ်လာမယ်။ လီဗာပူးလ်အနေနဲ့ ဝုလ်နဲ့ပွဲမှာ ပိုပြီးဖိအားများလာမှာအသေချာပဲ။ တကယ်လို့များ ညက အဲဗာတန်ကို အနိုင်ရခဲ့မယ်ဆိုရင် သူတို့က ဒုတိယနေရာက အာဆင်နယ်ကို ၉မှတ်ထိဖြတ်ထားနိုင်မှာဖြစ်တယ်။ လာမယ့်ပွဲစဉ်မှာလည်း အာဆင်နယ်အရင်ကစားပြီး နိုင်ခဲ့ရင်တောင် ၆မှတ်ဖြတ်ထားဦးမှာဖြစ်တယ်။ ဒီလိုအခြေအနေတွေကို လီဗာပူးလ်က နောက်ဆုံးမိနစ်မှာ လက်လွှတ်ခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ဒီသရေပွဲက လီဗာပူးလ်ကို ဖိအားဝင်စေခဲ့တယ်လို့ ဆိုလိုတာဖြစ်တယ်။ ဘောလုံးမှာက တခါတလေ ဘာမဟုတ်တဲ့ အခိုက်အတန့်သေးသေးလေးတွေကို လျှော့တွက်လို့မရဘူး။ ရှုံးပွဲတစ်ပွဲ၊ သရေပွဲတစ်ပွဲက အသင်းလိုက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်တယ်၊ အဲဒီကနေ နိုင်ပွဲရှာရခက်လာရင် ယုံကြည်မှုလျော့လာမယ်၊ စိတ်ပိုင်းဆိုင်ရာကျဆင်းမှုတွေ ဖြစ်လာမယ်။ ရလဒ်တွေကောင်းဖို့ ရုန်းကန်လာရမယ်။ ဒီလိုအခြေအနေတွေကို မနှစ်က ဘိုင်ယန်၊ ဒီနှစ် မန်စီးတီး တို့ ဖြစ်ခဲ့ပြီးပြီ။ ဒါကို လီဗာပူးလ်တော့ လုံးဝမဖြစ်နိုင်ပါဘူးဆိုပြီး ယတိပြတ်ပြောလို့မရဘူး။ ပြီးခဲ့တဲ့နှစ်က ဒီအချိန်ထိတောင် လီဗာပူးလ်က ဖလားလေးလုံးအိပ်မက်တွေရှိနေတာပဲမဟုတ်လား။ ဒါပေမဲ့ အဆုံးသတ်မှာ ကာရာဘောင်ဖလားတစ်လုံးနဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဒါကြောင့် .. ဖိအားဆိုတာ . လက်ရှိရပ်တည်မှုတွေ၊ ရမှတ်တွေတစ်ခုတည်းကိုပဲ ကွက်ကြည့်ရတာမျိုးမဟုတ်ဘဲ .. အခြေအနေတွေ၊ အနေအထားတွေကိုလည်း ထည့်သွင်းတွက်ချက်ရတာပါ။ တပွဲလျော့ ၆မှတ်အသာကနေ၊ ပွဲတူ ၇မှတ်က ဖိအားမဖြစ်သေးဘူးလို့ ယူဆချင်သူတွေအနေနဲ့လည်း မိမိတို့ဆန္ဒအရ လွတ်လပ်စွာယူဆလို့ရပါတယ်။ ဒါပေမဲ့ .. လက်ကျန် ၁၄ပွဲ၊ ဒုတိယနေရာကအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ရှိနေသေးတဲ့အခြေအနေမှာ .. ဇယားထိပ်မှာ ၇မှတ်ဆိုတာက စိတ်အေးလက်အေးနေလို့ရတဲ့ ရမှတ်မဟုတ်ဘူးဆိုတာတော့ အသေအချာပါပဲ။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Premierleague ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #RangoonSportMedia #article #pressure #LiverpoolFC ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati